လွမ်းနေကြပါပဲ
သက်တန့်တစ်စင်းလိုဒီည
ခပ်ကွေးကွေးလေး လွမ်းလိုက်ပါရစေ
တစ်ချိန်ကပါဆိုတဲ့
ဆုံနေကြ ကဖီးရဲ့အမေ့မျက်နှာ
ချုပ်ရိုးပျယ်ညနေခင်း
ခုထိ
အားလုံးဟာနာရီကြည့်မိတိုင်း
အတိုင်အဖောက်ညီညီ
အိမ်ပြန်နောက်ကျတုန်းပဲ သူငယ်ချင်း
မခွဲပဲ
လွဲသွားတဲ့ ဆုံမှတ်တစ်ခုစာလေးမှာ
တို့နာရီလေးအရည်ပျော်ကျ
လိုက်ပါသွားကြတဲ့ရထားလေးမှာ
တို့တွေအတွက်
ဆိုက်ရောက်ရာပြဘူတာလေးများပျောက်ဆုံး
အခုထိလဲ ခုတ်မောင်းနေရတုန်းပဲလေ
မထွေးအသား ခါးလို့
ဆေးဖို့ပင်လယ်ကြီး ရှေ့ရောက်လာတာတောင်
ချည်နှောင်ခံထားရတဲ့လက်နှစ်ဖက်
ဘယ်ခွက်ကိုမှကိုင်ခွင့်မပေး
ဟုတ်တယ်...
တို့တွေဝေးခဲ့ကြပြန်ပြီ..သူငယ်ချင်းရေ
မိုးမိနေသူချင်းအတူတူ
ခဏတစ်ဖြုတ်နဲ့တော့
ဘယ်တံစပ်မြိတ် အောက်မှာမှ
ရပ်မစောင့်ချင်တော့တာ အမှန်ပါ
အတင်းအကြမ်း ကျော်ဖြတ်သွားကြတဲ့ သက္ကရာဇ်အိုတွေ
ပျို့အန်နေတဲ့ စိတ်ထောင်းကိုယ်ကြေ ညနေခင်းများ
လိုအပ်မှု ပါးပါးဆွတ်ထားသော အနံ့အသက်တွေကြားမှာ
ငါအခုရေးတဲ့ ကဗျာလေးတောင်
အသက်ဓါတ်ငွေ့ငွေ့သာ ဖျော့လျော့ရဲ့
ဘယ်လိုအချိုးနဲ့ ချချ
နှစ်ဆနှစ်ဆရနေတဲ့ လူတစ်စုစာကိုယ်ကျိုးအတွက်လဲ
ငါတို့ အိမ်ဝေးခြေသလုံးလေးတွေက
ထမ်းပိုးထားကြရသေးတယ်လေ
နိုင်ငံတစ်ကာကပေးတဲ့ လတ်မှတ်တွေနဲ့
ကိုယ့်အိမ်တော် ကိုယ်ပြန်
သယံဇာတပုံထက်
အိမ်တော်စီးဖိနပ်နဲ့တက်လျှောက်
ပညာတတ်အိုးမဲသုတ်သူ လူတစ်စုလောက်တော့
ငါ့တို့ဘဝတွေလဲ
မောက်မာပြချင်သေးရဲ့ ။
ရင်နဲ့ရင်းမှရတဲ့အသိမှာ
တစ်ခါကဖြူစင်ခြင်းနဲ့
လင်းလွင့်ခဲ့ကြဘူးတယ်
သင်ရိုးညွှန်းတန်းအသစ်နဲ့
ရှေ့ဖြစ်ဟောသူများရဲ့လက်မှာလဲ
တောက်ခေါက်ခဲ့ကြဘူးတယ်
ငါတို့ရဲ့အာရုံဦးကို
ငါတို့ပဲသီကျူးပါရစေ
အမှောင်အထပ်ထပ်မှာ
ခရီးဆက်နေတဲ့လူငယ်
ကမ္ဘာကုန် ကျယ်သရွေ့ပေါ့
မနက်ဖြန်မနက်မှာလဲ
နှင်းဆီတံတိုင်းနဲ့
ပန်းရိုင်းပွင့်တဲ့တိုင်းပြည်ဆိုတာ....။
ညီရဲ
0 comments:
Post a Comment