လေးထောင့်ဆန်သော ပန်းကလေးများ


မီးရောင်လေးစိမ်းနေတာ မစိမ်းတတ်တဲ့သူ
မီးရောင်လေးမစိမ်းတာ စိမ်းတတ်တဲ့သူ
ဒီလိုပြောရင် ရက်စက်တယ်...တဲ့
သူက။

ဆန့်ငင်ဆန့်ငင် လှိုင်းအလျား
မင်းများမျှော်နေပြီလား
တံခါးဖွင့်ထားတိုင်း
လာစေချင်တဲ့သူရောက်မလာဘူး...တဲ့
သူက။

ဘယ်လောက်ဝေးမှန်းမသိတာတောင်
မျက်စေ့မှိတ်ပြီး နီးတယ်တဲ့
အကျယ်ကြီးအော်တော့ မှန်သလိုလို
မငိုပဲနမ်းတာ အလွမ်းအဖွင့်..တဲ့
သူက။

လက်တွေကပြောတယ်
မျက်လုံးတွေကကြားတယ်
ခပ်ရွှန်းရွှန်းရယ်သံတွေ
တမျှင်းမျှင်းရှိုက်သံတွေ
မထိခလုပ် ထိခလုပ်
ခလုပ်ထိရင် ငြိတတ်သည်...တဲ့
သူက။

မမြင်ပဲလာသွားတဲ့သူတွေကို
အစဉ်ပဲရှာနေရတဲ့
ရင်ကွဲနာလို့ပြောရင်
ရယ်ဦးမယ်
ခင်ဗျားက။ ။



ဇွန်မိုးသစ်

အဆက်ဆက်

ကြီးကောင်ကြီးမားကျမှ

ရေးလက်စ

တွေးလက်စ

ပြောလက်စတွေကို

စာရင်းချကြည့်တော့

အမယ်မယ်

နှစ်ဆယ်နှစ် နှစ်ဆယ်မိုးတောင်မကတော့ဘူး။



ဒိုင်းကိုယူမှာလား

ဓားကိုယူမှာလား

တစ်ခုပဲရမယ်

အဓမ္မကိုယူမှာလား

ဓမ္မကိုယူမှာလား

တစ်ခုပဲရမယ်

သစ္စာတရားဟာငါတို့အိမ်ရာ

ယုံကြည်ချက်က ကမ္ဘာ။



ဆယ်ကျော်သက်တွေအရွယ်ရောက်တာ

သူ့ ကိစ္စ

အဲဒါနေပျော်တဲ့ကိစ္စ

သားသတ်သမားရဲ့ သွေးကိုမြင်တာ



Your browser may not support display of this image.


ငါ့ကိစ္စ

အဲဒါသေပျော်တဲ့ကိစ္စ။



သူငယ်ချင်းများ...

မိုးဆီကိုပြေးရင်မြေနဲ့ဝေးတတ်ရဲ


မိုးကိုပဲလှမ်းလှမ်း

မြေကိုပဲထမ်းထမ်း

လေးလေးပင်ပင်။ ။






ဇွန်မိုးသစ်

မင်းပေးတဲ့ ကဗျာ



လွမ်းနေကြပါပဲ

သက်တန့်တစ်စင်းလိုဒီည

ခပ်ကွေးကွေးလေး လွမ်းလိုက်ပါရစေ



တစ်ချိန်ကပါဆိုတဲ့

ဆုံနေကြ ကဖီးရဲ့အမေ့မျက်နှာ

ချုပ်ရိုးပျယ်ညနေခင်း

ခုထိ

အားလုံးဟာနာရီကြည့်မိတိုင်း

အတိုင်အဖောက်ညီညီ

အိမ်ပြန်နောက်ကျတုန်းပဲ သူငယ်ချင်း



မခွဲပဲ

လွဲသွားတဲ့ ဆုံမှတ်တစ်ခုစာလေးမှာ

တို့နာရီလေးအရည်ပျော်ကျ

လိုက်ပါသွားကြတဲ့ရထားလေးမှာ

တို့တွေအတွက်

ဆိုက်ရောက်ရာပြဘူတာလေးများပျောက်ဆုံး

အခုထိလဲ ခုတ်မောင်းနေရတုန်းပဲလေ



မထွေးအသား ခါးလို့

ဆေးဖို့ပင်လယ်ကြီး ရှေ့ရောက်လာတာတောင်

ချည်နှောင်ခံထားရတဲ့လက်နှစ်ဖက်

ဘယ်ခွက်ကိုမှကိုင်ခွင့်မပေး

ဟုတ်တယ်...

တို့တွေဝေးခဲ့ကြပြန်ပြီ..သူငယ်ချင်းရေ



မိုးမိနေသူချင်းအတူတူ

ခဏတစ်ဖြုတ်နဲ့တော့

ဘယ်တံစပ်မြိတ် အောက်မှာမှ

ရပ်မစောင့်ချင်တော့တာ အမှန်ပါ



အတင်းအကြမ်း ကျော်ဖြတ်သွားကြတဲ့ သက္ကရာဇ်အိုတွေ

ပျို့အန်နေတဲ့ စိတ်ထောင်းကိုယ်ကြေ ညနေခင်းများ

လိုအပ်မှု ပါးပါးဆွတ်ထားသော အနံ့အသက်တွေကြားမှာ

ငါအခုရေးတဲ့ ကဗျာလေးတောင်

အသက်ဓါတ်ငွေ့ငွေ့သာ ဖျော့လျော့ရဲ့



ဘယ်လိုအချိုးနဲ့ ချချ

နှစ်ဆနှစ်ဆရနေတဲ့ လူတစ်စုစာကိုယ်ကျိုးအတွက်လဲ

ငါတို့ အိမ်ဝေးခြေသလုံးလေးတွေက

ထမ်းပိုးထားကြရသေးတယ်လေ



နိုင်ငံတစ်ကာကပေးတဲ့ လတ်မှတ်တွေနဲ့

ကိုယ့်အိမ်တော် ကိုယ်ပြန်

သယံဇာတပုံထက်

အိမ်တော်စီးဖိနပ်နဲ့တက်လျှောက်

ပညာတတ်အိုးမဲသုတ်သူ လူတစ်စုလောက်တော့

ငါ့တို့ဘဝတွေလဲ

မောက်မာပြချင်သေးရဲ့ ။



ရင်နဲ့ရင်းမှရတဲ့အသိမှာ

တစ်ခါကဖြူစင်ခြင်းနဲ့

လင်းလွင့်ခဲ့ကြဘူးတယ်

သင်ရိုးညွှန်းတန်းအသစ်နဲ့

ရှေ့ဖြစ်ဟောသူများရဲ့လက်မှာလဲ

တောက်ခေါက်ခဲ့ကြဘူးတယ်

ငါတို့ရဲ့အာရုံဦးကို

ငါတို့ပဲသီကျူးပါရစေ



အမှောင်အထပ်ထပ်မှာ

ခရီးဆက်နေတဲ့လူငယ်

ကမ္ဘာကုန် ကျယ်သရွေ့ပေါ့



မနက်ဖြန်မနက်မှာလဲ

နှင်းဆီတံတိုင်းနဲ့

ပန်းရိုင်းပွင့်တဲ့တိုင်းပြည်ဆိုတာ....။




ညီရဲ

မိုးတွေရွာတဲ့ ည


ဒီညအပြင်မှာ မိုးတွေရွာတယ်...

ကောင်းကင်နက်ထဲ ပျံတက်သွားတဲ့ လေယာဉ်ပျံကြီးမှာ

ငါ့အိပ်မက်တစ်ခြမ်းက... .. .

အိမ်ကိုတမ်းတလို့.... ...

ဘယ်လိုလွမ်းရမလဲ အဖြူရောင်ကောင်မလေးရယ်... .. .

ဒီညအပြင်မှာ မိုးတွေရွာတယ်...

လွမ်းစရာကောင်းတဲ့...

အဲ့ဒီ.. မျှော်လင့်ခြင်းကောင်းကင်နက်မှာ.. .

ငါ့အိပ်မက်ပန်းတစ်ခြင်း.. .

နွမ်း..လျော့..ကြေ..မွ..

ဘယ်လိုလွမ်းရမလဲ အဖြူရောင်ကောင်မလေးရယ်... .. .

ဘယ်လိုလွမ်းရမလဲ အဖြူရောင်ကောင်မလေးရယ်..

လက်ဆုတ်လက်ကိုင် ပြစရာဆိုလို့

နင်ပေးတဲ့ ဓါတ်ပုံလေးတွေ

နင်ပေးတဲ့ အသံလေးတွေ

နင်တွေးတဲ့ ခံစားမှုတွေ

ငါ့ အိဎ်မက်လေးမှာရှိတယ်

အိပ်နေလိုက်ပါ အဖြူရောင်ကောင်မလေး

ငါ............

ဓါတ်ပုံလေးမှာ ကဗျာတွေရေးနေတယ်




ညီရဲ

ဇာတ်လမ်းကအရှင်းကြီးပဲ


နှာခေါင်းကသွေးထွက်

ကောင်မလေးကငိုမဲ့မဲ့

မင်းသားကနှစ်သိမ့်လျက်

ကဲဘာဆက်ဖြစ်မလဲ။

အမေကြီးကနှလုံးရောဂါ

ဝေဒနာကမသက်သာ

သူတို့နှစ်ယောက်သိပ်ချစ်တာ

ကဲဘာဆက်ဖြစ်မလဲ။

သေနတ်သံတွေတညံညံ

မင်းသားကလက်စွမ်းထန်

ကောင်မလေးကအဖမ်းခံ

သူ့ကိုကယ်ဖို့ကြိုးစားပြန်

ကဲဘာဆက်ဖြစ်မလဲ။

တောအရပ်မှာမွေးတာမှန်

မြို့ကိုမှအထင်ကြီးပြန်

မြို့ရောက်တော့သိပ်မဟန်

ကဲဘာဆက်ဖြစ်မလဲ။

ဇာတ်လမ်းကအရှင်းကြီးပဲ

ခင်ဗျားနားမလည်သေးဘူးလား

နှစ်ထောင်ပဲပြောပြော

တစ်ဆယ်ပဲပြောပြော

စားလောက်သောက်လောက်မရှိဘူး

ခင်ဗျားနားမလည်သေးဘူးလား

အစိမ်းပဲရင့်ရင့်

အစိမ်းပဲနုနု

မျောက်ဇာတ်ကမျောက်ဇာတ်ပဲ

ခင်ဗျားနားမလည်သေးဘူးလား

ဆွမ်းစားကျောင်းကအော်အော်

သင်္ချိုင်းကအော်အော်

အူသံကအူသံပဲ

မစင်နဲ့ရွှေခွက် ခင်ဗျားအသံမထွက်ရင်တောင်

သစ္စာတရားက ငယ်သံပါရော့မယ်

ဝမ်းအချခံချင်သူတွေနဲ့

ပျားရည်အတုများ

ခင်ဗျားနားမလည်သေးဘူးလား

ဇာတ်လမ်းကအရှင်းကြီးပဲ

ကဲဘာဆက်လုပ်မလဲ။

ဇွန်မိုးသစ်

တာလီချိုးထားတဲ့ စီးကရက်များ



နံရံတစ်ချပ်ကြားက

စကားပြောသံအချို့မှာ

တစ်ကိုယ်စာတောင်နေစရာမရှိချင်ဘူး

စားပွဲစွန်းနဲ့ နာနာတောက်လိုက်တယ်

စက္ကူညှော်နံ့ များက ဗလုံးဗထွေး

မီးခိုးဖြစ်ခဲ့ ရတဲ့ ဘ၀တွေမှာတောင်

ဂုဏ်သိက္ခာတစ်ခုကြောင့်

အတော်အတန် ကျစ်လျစ်သင့် ရဲ့

လာပါစေကွယ်

သမားတွေလည်းအိုမှ

မိန်းမတွေလည်းပျိုမှ

အတိုအစတွေရဲ့ ဆက်ကြောင်းမှာ

ချစ်ခြင်းမေတ္တာအတွက် သ၀ဏ်လွှာပါ,ပါတယ်။

နေရင်းထိုင်ရင်းဖွာထုတ်ပစ်လိုက်

ဗာဂျီနီးယားတွေရဲ့ အသုဘဖိတ်စာဟာ

နီကိုတင်းတွေရဲ့ ရင့် ကျက်မှုပဲဖြစ်တယ်

မဆီမဆိုင်

အဆုတ်နာ။ ။

ဇွန်မိုးသစ်

ခရီးရှည်ရဲ့တောင်ပံများ




ပြန်မလာနိုင်တဲ့သူတွေရဲ့အကြောင်းကို

အိပ်တန်းဝင်စောတဲ့ငှက်တွေကိုမေးကြည့်လို့မရဘူးလေ။

အဆီးအတားတွေက

နီးရာဓားဖြစ်ခဲ့လေပြီလား

ကိုယ့်သွေးနဲ့ကိုယ်စည်းရိုးကာခဲ့

သူရူးသူမိုက်တို့ကို

ဂုဏ်တော်တစ်ထောင်နဲ့တိုက်ရတာလည်း

မတန်လှပါဘူး သူငယ်ချင်းတို့ ရယ်။

ကဲဒါဆိုဘယ်လိုလုပ်မလဲ

ပြုသူတွေသစ်ခဲ့ပေမယ့်

ဖြစ်သူတွေ မဟောင်းခဲ့ပြန်ဘူး

ဟိုးတုန်းကတော့

ယုံကြည်ချက်ဆိုတာ

နှလုံးသားထောင့်ချိုးမှာ လူလစ်တုန်းကပ်ခဲ့တဲ့စာတစ်ရွက်

ခုတော့

သွေးအဟုန်အဆက်ဆက်။

ထက်မြက်ရိုးရှင်းမှုတွေကို

ကမ္ဘာမကြေ ကြေကွဲမှုတွေနဲ့

နာနာကျင်ကျင် ဘယ်လောက်အထိတိုင်းတာနေရဦးမှာလဲ

အောင်ပွဲဟာမှော်ရုံတောကအိပ်မက်မှ

မဟုတ်တာ

ရန်သူဟာ အားမနာတတ်ဘူးလေ။

ငါတို့ အိပ်တန်းဝင်စောရင်တော့

အနာဂတ်ဟာအမှောင်မှာနိုးလိမ့်မယ်

ကာလရှည်။

ဇွန်မိုးသစ်

အိပ်မက်တမ်းချင်း




အတိတ်ဆိုတာကို ခေါက်သိမ်း

ဟောဒီ...အစိမ်းရောင် နေ့ရက်တွေဟာ

မုန်တိုင်းမှာ ယိမ်းက...

မစဲတမ်းရွာတဲ့မိုးလို

ကျွန်တော်...သူ့ကို......

အုံ့အုံ့မှိုင်းမှိုင်း တမ်းတလို့... ...

အဖြေထွက်ပြီးသား အဲ့ဒီဇာတ်မှာမှ

ပုစ္ဆာတစ်တစ်ပုဒ်ကို ဆက်တွက်

ဒီရလာဒ်နဲ့ပဲ နေတတ်တဲ့ကောင်လေ.....

သံဇဉ်တွေ မပျက်သုန်းသရွေ့ပေါ့..

ကျွန်တော်ပိုင်ဆိုင်နေတဲ့ နေ့ရက်တွေဟာ

ချစ်သူနဲ့ အတိတ်ကိုမျှော်ငေး

တိတ်တိတ်လေး တေးဆို

အမြဲ နေညိုနေတဲ့ဘဝပါ.... ... .. .



ညီရဲ


ဖီးနစ်ငှက်ရဲ့အလွမ်း



မင်းနဲ့တွေ့မှ

ရင်ထဲက အိပ်မောကျနေတဲ့

ဖီးနစ်ငှက်ရဲ့ တောင်ပံနှစ်ဖက်

တဖျပ်ဖျပ်ခတ်သံ ကြားတယ်

ရွှမ်းပတဲ့ လရောင်အကြည့်လေးနဲ့အတူ

ငါ့ရဲ့ ဖီးနစ်ငှက်ကလေးက

သံစဉ်လှလှတွေဖန်ဆင်း

သီချင်းလေးတွေဆိုညည်းတယ်

ပြီးတော့

နရီဆန်ဆန်အပြုံးတွေက

ငါ့ငှက်ကလေး ပြေးမထွက်အောင်

နှောင်ကြိုးတွေ အထပ်ထပ်ပတ်

ကဗျာလေးတွေ ရေးတတ်စေတယ်

သီချင်းတွေဆို

ကဗျာတွေညည်း

အိပ်မက်ကလေးမပြီးခင်

မင်းရဲ့လက်တွေက

စုတ်ချက်တစ်ဝက်တစ်ပျက်တွေနဲ့

အလင်းအမှောင် အရောင်တွေရောစပ်

ဘောင်လေးဘက်ခတ်ပြီး

စိတ္တဇ ပန်းချီကားတချပ်နဲ့

လွမ်းတတ်အောင် ထားခဲ့ပေါ့


ညီရဲ
(၃ လပိုင်း သရဖူ မဂ္ဂဇင်း ၁၉၉၉)