ရေတမာဝဋ်ကြွေး



             လျှပ်ပြက်ခဲ့ရသမျှတွေအတွက် ၊ ဖွဲဖွဲလေး ချပြယုံသက်သက်ပါ ပန်းရောင် ။ ပေါ့ပါးသွားစေရုံ မဟုတ်ခဲ့ပါဘူး ။ ဘယ်လိုအက္ခရာတွေက ငါတို့နှစ်ယောက်ရဲ့ အတိတ်ကို ရိုးရိုးရင့်ရင့် အိပ်စက်ခွင့်ပြုမှာလဲ ။ မခွဲပဲ လွဲသွားကြရတဲ့ကံကြမ္မာ ငါ့မှာသာအပြစ်ရှိပါတယ် ။ နင်နေတဲ့အရပ်က နှင်းတစ်ဆုပ်ကို ခပ်ဖွဖွဆုပ်ကိုင်ကြည့်လေ ။ အေးစက်စိုစွတ်တဲ့အသိကို ရမိနေသရွေ့ နင်လဲအတိတ်ကို သတိရမိနေလိမ့်မယ် ။ နောက်ဆုံးညကလဲ အရင်မက်နေကျအိပ်မက်ကို ထပ်မက်ပြန်တယ်ပန်းရောင် ။ ရေတမာရွက်တွေက နင့်ကို ငါနဲ့အဝေးဆုံးအရပ်ဆီ ကွယ်ဝှက်ခေါ်ဆောင်သွားနေကြတယ် ။ ပြီးတော့ အဲဒီအဝေးဆုံးတစ်ဖက် နှင်းစက်တွေထဲ နင့်ရဲ့ လှိုက်လှိုက်မက်မက် ရယ်မောနေဟန်လေးကို ရေတမာရွက်တွေကြားမှာ ဝိုးတဝါးမြင်နေရတယ် ။ နင့်ဆီရောက်ဖို့ ငါအခါခါကြိုးစားခဲ့တာ ။ ဆွဲဖယ်တိုးဝင်လိုက်တိုင်း တစ်ရွက်တစ်ရွက်နဲ့ ထပ်ထပ်များလာတဲ့ ရေတမာရွက်တွေကြား အလဲလဲအပြိုပြိုနဲ့မောလျ အဲဒီအိမ်မက်မှာ နိုးထခဲ့ရတာချည်းပါပဲ ။ အတိတ်ရဲ့ ဝဋ်ကြွေးဒါဏ်ရာကို အဖန်ဖန်အခါခါ ပေးဆပ်နေရသလိုပါပဲ ။ လှပတဲ့မြို့ကလေးထဲက အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းတော် ၊ ရေတမာတော ၊ ဖြူစင်ခဲ့ဖူးသောကာလ ၊ အဲဒီအတိတ်ကရခဲ့တဲ့ ကံကြမ္မာဆိုတာ............


----------------------------------------------------------------



"တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်သပေမို့
ခါခါလေအားအင်တိုးလို့ရယ်
ကြိုး..လျှောက်ရပြန်
ခါတစ်လေတစ်ကယ်ပမ်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု..
တော်ပါပြီဆက်မလှမ်းချင်...ဘု.."
"ထစမ်း..နင်တို့နှစ်ယောက်...ဟဲ့နှစ်ကောင်..ဂျော်ကာ ၊ ညီရဲ ။ နင်တို့ကိုထခိုင်းနေတာ ၊ ပြောစမ်း ..ရှေ့ဆုံးတန်းမှာထားတာတောင်ခြေ ၊ လက် ၊ ပါးစပ် ၊အငြိမ်မနေငါစာသင်နေတုန်း အဲဒါဘာလုပ်နေတာတုန်း "။ အသံထက်မြန်သော ဆရာ့လက်က တစ်ယောက်တစ်ချက်စီ ခေါင်းပေါ် ဂွက်ခနဲမြည်သွားသည် ။ ကျွန်တော်နှင့်ဂျော်ကာ တော်တော်နှင့် စကားမပြန်နိုင် ။ ငယ်ထိပ်ကို အကြိတ်အနယ်ပွတ်ရင်း ထရပ်လိုက်ရပါတယ် ။ အခေါက်ခံလိုက်ရ၍ အီဆိမ့်ပြီးမျက်ရည်ဝဲသွားပေမဲ့ မျက်နှာတွေက အကြောမသေ ။ တစ်တန်းလုံးကလဲ ဆရာ နှင့် ကျွန်တော်တို့ ဘာဖြစ်မှန်းမသိလိုက်ကြ အားလုံးဝိုင်းကြည့်နေကြသည် ။ စာသင်နေတုန်း ဘာလုပ်နေသည်ကိုမပြောရဲ ၊ ဂျော်ကာ နဲ့ ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ဘုရားတလိုက်မိပါတယ် ။ ပြောရဆိုရလွန်း၍ အတန်းပိုင်ဆရာမ ဒေါ်တင်တင်မေကိုယ်တိုင် ပြောင်းရွှေ့ကျေး ကြိမ်ဒါဏ်ဆယ်ချက်နှင့် ရှေ့ဆုံးတန်းမှ စာတော်သူ ပန်းရောင်၏ ဘယ်တောင်ပံနှင့် ညာတောင်ပံကို ဝင်ရောက်ရှိလာသည်မှာ တစ်ရက်သာရှိသေးသည် ။ မြန်မာစာဆရာဦးစည်သူ၏ ဂိုးအရှူးကို ထိပ်ဖူးအောင် ခံစားလိုက်ရသည် ။ ဆရာကစကားပြောလျှင် မိန်းမဆန်ပြီး သွားအနည်းငယ်ခေါ၍ အရပ်က ၆ ပေနည်းပါးမျှ ရှည်ပါသည် ။ မနေ့ကစာသင်ချိန်ကတည်းက ကျွန်တော့်ကိုတေးထားခဲ့ပုံရတယ် ။ အဲဒီနေ့က ကျွန်တော်တို့နှစ်ယောက် ရှေ့ဆုံးခုံကို စပြောင်းရတယ် ။ ဆရာ့စားပွဲနဲ့ ကျွန်တော့်စာရေးခုံက ထိပ်ချင်းတိုက် ကပ်ထားတော့ ထိုင်ပြီးစာရှင်းပြချိန်မှာ သူ့ဒူးခေါင်းနှင့် သူ့စာရေးစားပွဲက မလွတ် ၊ ခြေကိုဆန့်ပြီး စာသင်လေ့ရှိတယ်ထင်ပါ့ ။ အဲဒီနေ့က ကျွန်တော့်ရဲ့ညာတောင်ပံနေရာအသစ်မှာ ခုံအောက်ကနေ ကျွံကျွံလာတဲ့ ဆရာ့ ခြေထောက်ကြီးကို ၃ ခါလောက် တက်နင်းမိလိုက်တယ် ။ မတတ်နိုင် ၊ ဆရာ့ခြေထောက်ကြီး ကျွန်တော့်ခုံအောက်မှာ ဆန့်ဆန့်ကြီး ရောက်ရောက်နေတာ သတိမေ့မေ့သွားတာကိုး ။ အဲဒီ အားရပါးရတက်နင်းမိကြောင်း ဂျော်ကာနဲ့ပြောဖြစ်တော့ ဂျော်ကာကပြောပါတယ် ။ " သေပြီ ဆရာ ဆိုတာအဲဒါကွ ၊ သတိတော့ထားရမယ် ၊ တို့ဘက်က လူပြန်မကျွံစေနဲ့တဲ့" ။ ဒီနေ့တော့ အနင်းခံရမည် စိုးသည်ထင်ပ ။ ထိုင်မသင်ပဲ ပန်းရောင်၏ စာရေးခုံရှေ့တည့်တည့်မှာ မတ်တပ်လာရပ်ရင်း အာဘောင်အာရင်းသန်သန်နဲ့ ကဗျာရွတ်ပြနေတာ ။
"ဟဲ့.. ပန်းရောင်..နင်ပြောစမ်း ၊ သူတို့နှစ်ယောက်အလယ်မှာ နင့်ကိုထားထားတာ ၊ နင့်ရှေ့က အဲဒီဗလာစာရွက်ကိုကြည့်ပြီး သူတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ " ။ "ဟုတ်ကဲ့ဆရာ ၊ သူတို့သမီးဆီက ဗလာစာရွက်အလွတ်တစ်ရွက်လောက်ဆိုလို ဖြုပ်ပေးလိုက်မိတာပါ...အဲဒါ...ဟို..." ။ "အင်း....အဲဒါ...ငါ နင်တို့ရှေ့မှာ စာရွတ်ပြနေတာကို နားမထောင် ဒီနှစ်ကောင်က ဘာမှမရှိတဲ့ အဲဒီစာရွက်ကိုကြည့်ပြီး တွတ်တွတ် တွတ်တွတ်ဘာလုပ်နေကြတာလဲ..ပြောလေ" ။ " .. ဟို ... ဆရာ့ဆီက ကျလာတဲ့ တံတွေးစက်လေးတွေကို ခုံပေါ်မှာ ဗလာစာရွက်ဖြန့်ခင်းပြီး ရေနေကြတာပါ" ။ ဟုတ်ပါသည် ၊ ဆရာစကားပြောလျှင်အားရပါးရ ပြောတတ်သည် ။ ကြုံတောင့်ကြုံခဲ ကျွန်တော်တို့ရှေ့ မတ်တပ်ရပ် စာလာသင်တုန်း ဂျော်ကာနှင်တိုင်ပင်၍ ဗလာစာရွက်ခင်းကာ အတန်းချိန် တစ်ချိန်အတွင်း ဆရာ့အာဝဇွန်းစက် ဘယ်နှစ်စက်လောက်ရှိမလဲ ရေကြည့်ကြမိတာ ။ ခုံပေါ်တံတွေးစင်သည်ကို မမြင်ရပေမဲ့ ဗလာစာရွက်လေး ဖြန့်ခင်းထားတော့ ကွက်ခနဲ ကွက်ခနဲ စိုသွားသော ဆရာ့တံတွေးစက်တွေကို ရှင်းရှင်လင်းလင်း ရေလို့ရသွားတယ်လေ ။ သွားပြီ ၊ တိတ်ဆိပ်နေတဲ့တစ်တန်းလုံး တခွိခွိရယ်သံတွေကလဲ လျှံကျသွားပါတယ် ။ ဂျော်ကာ၏ သေပြီဆရာလို့ ညောင်နာနာ ရေရွတ်သံလေးကို ကြားလိုက်ရပါတယ် ။ အဲဒီနေ့က ပန်းရောင်ရဲ့စကားအဆုံး ဆရာဦးစည်သူ၏ "လာခဲ့စမ်း" ဆိုတဲ့ ယောကျာ်းပီသ၍ အောင်မြင်ခံ့ညားလှသော စကားသံကြီးကို ကျွန်တော်တို့တစ်တန်းလုံး ပထမ နှစ်စမှာပဲ စကြားလိုက်ရပါတော့သည် ။ အသင်အပြကောင်းသော ကျွန်တော်အားလုံး၏ လေးစားချစ်ကြောက်မှုကို ခံယူထားသော ဆရာ့၏လက်သံပြောင်မှုကို နှစ်တစ်နှစ်၏ အစမှာပဲ ကျွန်တော်နှင့်ဂျော်ကာ ခံစားလိုက်ရပါတယ် ။


အဲဒီ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကြားထဲက ရှင်မြီးအကျီနှင့် ဒေါက်မြင့်ဖိနပ်စီးထားသော မြို့လှလှလေးမှာ တစ်သက်စာအနာတရတစ်ခု အစပြုခဲ့တာပေါ့ ။ အင်း.....ပေါက်ကရ လုပ်တတ်သော ကျွန်တော်နှင့် အတို့အထောင်လုပ်တတ်သောပန်းရောင်က အဲဒီမှာ စခင်ခဲ့ကြတာဆိုလည်း မမှားပါဘူး ။ ကျွန်တော်နဲ့ဂျော်ကာက ၅ တန်းနှစ် ကျွန်တော် မြို့ကလေးဆီ ပြောင်းလာကတည်းက ပေါင်းခဲ့သော သူငယ်ချင်း ။ ပန်းရောင်က နောက်မှ ရောက်လာခဲ့တာ ။ ပထမဆုံး ပန်းရောင်၏အတို့အထောင်မှာ ကျွန်တော်တို့ပေါက်ကရ ဆော့ကစားမှုကြောင့် အရိုက်ခံခဲ့ရရင်း သူနှင့်နဲ့ရင်းနှီးခဲ့ပါတယ် ။


ပန်းရောင်
ကပိုကရွဲ
ကျောင်းအင်္ကျီလက်မခေါက်တတ်ခင်ကတည်းက
မသိစိတ်မှာ
တိတ်တိတ်စွဲလမ်းမိပါတယ်


ကျွန်တော်စွဲနေအောင် မှတ်မိနေခဲ့တယ် ။ နင်တို့နောက်တာပြောင်တာ လူတစ်ဖက်သားကို မထိခိုက် မနာကျင်စေဘူး ။ အဲဒါကြောင့်နင်တို့နှစ်ယောက်ကို ငါခင်သွားတာတဲ့ ။ ပန်းရောင်ရယ်…… တစ်ကယ်တော့ငါ့ရဲ့ စေတနာပါတဲ့ နောက်ပြောင်မှုတစ်ခုက လူနှစ်ယောက် အတွက် စိတ်ဒုက္ခ ရောက်စေခဲ့တာ နင်မသိခဲ့ပါဘူး ။ အဲဒီအကြောင်းတွေ ငါအခုထိ မေ့လို့မရခဲ့ဘူး ။ ငါကြောင့် စိတ်ဒုက္ခရောက်ခဲ့ရတဲ့ လူနှစ်ယောက်ဆိုတာ တစ်ခြားလူတွေမဟုတ်ဘူး ပန်းရောင် ။ ငါတို့ သိပ်လေးစားချစ်ခင်ကြရတဲ့ ဆရာလေးဦးစည်သူနဲ့ ငါတို့ဆရာမ ဒေါ်တင်တင်မေပဲပေါ့ ။ အဲဒီဝဋ်ကြွေးကို အခု ငါခံနေရတယ်လို့လဲ ခံစားနေရတယ်လေ ။
တစ်ကယ်တော့ ဆရာ့အကြောင်းကိုပြောရင် ဆရာမအကြောင်းကိုလဲ ပြောပြမှ ဒီဇာတ်လမ်းလေးက ပြည့်စုံမှာပါ ။ ဆရာဒေါ်တင်တင်မေ ... ကျွန်တော်တို့ရဲ့အတန်းပိုင် ၊ ကျွန်တော်တို့ဆိုးသမျှအတွက် အတန်းပြင်ထွက် အမြဲငိုလေ့ရှိသူ ၊ ကျွန်တော်တို့အားလုံးရဲ့ အချစ်ရဆုံး ဆရာမ ၊ ပန်းကမ္ဘာစက်ဘီးလေးနှင့် ကျောင်းလာသူ ၊ ဆရာဦးစည်သူ၏ တဖက်သက်ရီးစား ။ ဟဲဟဲ..ဆရာဦးစည်သူ ကျွန်တော်တို့ အတန်းပိုင်ဆရာမကို ကြိတ်ပိုးနေခဲ့တာ တစ်ကျောင်းလုံးမှာ ကျွန်တော်နဲ့ ဂျော်ကာပဲသိခဲ့တယ် ။ ဆရာမကလဲ ဆရာကြိတ်ခံစားနေရတာ သိတာပေါ့ ။ သက်တူရွယ်တူဆိုပေမဲ့ သုံးဆယ်ကျော်မှလက်တွဲရမှာ ဆရာမက ရှက်ပုံရပါတယ် ။ ပြီးတော့ အနေအထိုင်တည်တဲ့ဆရာမက ဖခင်အငြိမ်းစားကျောင်းအုပ်ဆရာကြီးနဲ့ အဖေတစ်ခု သမီးတစ်ခုဘဝ ။တစ်ကျောင်းထဲမှာ အလုပ်တူတူလုပ်နေကြတာဆိုတော့ နှစ်ယောက်လုံးက ရှက်နေကြမှာပေါ့ ။
ကျွန်တော်တို့ကျောင်းမှာ အနုလက်မှုဘာသာ (အကြိုသက်မွေးပညာ) ရပ်ကိုလဲ ဘာသာရပ်တစ်ခုအနေနဲ့သင်ကြားရသည် ။ ဆရာဦးစည်သူက ကျွန်တော်တို့နှစ်အတွက် အနုလက်မှုဆရာအဖြစ်ပါ တွဲဖက်သင်ကြားပေးရပါတယ် ။ ကျွန်တော်တို့စာသင်ဆောင် ထိပ်ဆုံးအခန်း (A) နှင့် အနုလက်မှု နှစ်ထပ်ကျောင်းဆောင်ကြားတွင် ကျောင်းအဝင် မင်းးလမ်းမကြီးနှင့် ရေတမာပင်တန်းက ပိုင်းခြားထားသည် ။ ဆရာစာသင်ချိန်မရှိတဲ့အခါ အနုလက်မှုဆောင်အပေါ်ထပ် ကျွန်တော်တို့အခန်းနှင့် မျက်နှာခြင်းဆိုင်ပြတင်းပေါက်ရှိ သူ့စားပွဲမှာ သွားနားနေလေ့ရှိသည် ။ ကျွန်တော်တို့အခန်း ကော်ရစ်တာမှကြည့်လျှင် ရေတမာပင် အရွက်တွေကြားမှာ ဆရာ့ရဲ့ ဘေးတိုက်ထိုင်နေတတ်တဲ့အရိပ်ကို ဝိုးတဝါးရိုးတိုးရိပ်တိတ် မြင်ရတတ်ပါတယ် ။ ဆရာ့ရဲ့ အားလပ်ချိန်တိုင်း မုန့်စားဆင်းချိန်တိုင်း ဆရာအမြဲတမ်း အဲဒီထိုင်ခုံလေးထိုင်နေတတ်ကို ကျွန်တော်နဲ့ ဂျော်ကာသတိထားမိခဲ့တာ ဆရာမထက်နောက်ကျမယ်လို့ ထင်ပါတယ် ။ အနုလက်မှုချိန်ရောက်လို့ ကျွန်တော်တို့ ဆရာ့အဆောင်မှာ စာသွားသင်ချိန်တိုင်းလဲ တစ်ခါတရံ ရေတမာရွက်တွေကြားက ကျွန်တော်တို့ဆရာမရဲ့ ဝိုးတဝါးအရိပ်တွေကို တွေတွေကြီး ငေးမောကြည့်နေတတ်တဲ့ ဆရာ့ရဲ့မျက်လုံးတွေအား အကြိမ်ကြိမ်အခါခါ အငိုက်ဖမ်းနိုင်ခဲ့သည် ။ အဲဒီနေ့က ကျွန်တော်တို့နှစ်ယောက် မုန့်စားဆင်းချိန်မှာ အခန်းမပြန်ပဲ အနုလက်မှုဆောင်မှာ ဆရာနဲ့အတူ ထမင်းအတူစားခဲ့ကြတယ် ။ စာသင်ချိန်ပြင်ပမှာ ဆရာက သူငယ်ချင်းတစ်ယောက်လို ဆက်ဆံတတ်ပေမဲ့ ဆရာဆိုတဲ့အသိက ရှိနေတော့ ကျွန်တော်နဲ့ဂျော်ကာ ဆရာနဲ့ဆရာမအကြောင်း ပွင့်ပွင့်လင်းလင်းမေးမြန်းကူညီဖို့ မရဲဘူးပေါ့ ။ စားရင်းသောက်ရင်း ဂျော်ကာကပဲ စမေးလိုက်ပါတယ် " ဆရာ့မှာ ချစ်သူမရှိဘူးလားဆရာ ၊ ခုထိ ဘာလို့မိန်းမ မယူသေးတာလဲ" ။ "အပူ မရှာချင်လို့ပေါ့ကွာ" ဂျော်ကာရဲ့စကားကို ဆရာပြုံးပြီး ပြန်ဖြေလိုက်ပါတယ် ။ "ဟဲဟဲ॥ဆရာ...ဆရာမကို ချစ်နေတာ ကျွန်တော်တို့သတိထားမိတယ် ၊ ဖွင့်ပြောလိုက်ပါလား ဆရာရ ၊ ဆရာမလဲ သိနေတာပဲ" ။ ကျွန်တော်လဲဝင်ပြောလိုက်ပါတယ် " နေ့တိုင်း ရေတမာရွက်တွေကြားက ဝေဝေဝါးဝါး ခံစား ချက်တွေကရော အပူပဲ မဟုတ်ဘူးလား ဆရာ " ။ "ဟာ॥ဟေ့ကောင်နှစ်ကောင် ပတ်ဝန်းကျင်ကြားရင် တစ်ဖက်မှာ သိခ္ခါကျရမယ့်စကားမျိုး မပြောရဘူး ၊ နောက် ဘယ်သူ့ကိုမှမပြောရဘူး ကြားလား" ။ "ဟုတ်ကဲ့ ဆရာ " ။ ဆရာပြောပြီး ကျွန်တော်တို့ရှေ့က ထွက်သွားပါတော့တယ် ။ "ညီ…।ဆရာ ရှက်သွားတာကွ ၊ ငါတို့သိသွားလို့ ॥ဟားဟား...ငါတို့ ဆရာနဲ့ဆရာမကို တစ်ခုခုတော့ လုပ်ပေးရအောင်ကွာ ၊ နော် ။ " အေး...ဆရာဝန်မခံသွားဘူး... ဒါပေမဲ့ ငါစဉ်းစားထားတယ် ကျောင်းလွတ်ရင် မင်းနဲ့ငါ တစ်ခုခု လုပ်ကြတာပေါ့ ။ ငါ့မှာအစီအစဉ်ရှိတယ် " ။ ကျွန်တော့်အစီအစဉ်ကို ဂျော်ကာ့ကိုပြောပြလိုက်တော့ ဂျော်ကာလဲ ထောက်ခံပါတယ် ။ ...ဒီလိုနဲ့...........

---------------------------------------------------------------------------------


နောက်တစ်နေ့မနက်မှာ ကျောင်းကြီးရဲ့ မသိမသာပြောင်းလဲမှုလေးတစ်ခုကို ကျွန်တော် ၊ ဂျော်ကာ ၊ ဆရာနဲ့ ဆရာမသာ သိခဲ့ကြပါတယ် ။ အဲဒါကတော့ ကျွန်တော်တို့အခန်းနှင့် အနုလက်မှုကျောင်းဆောင်ကြား မင်းလမ်းမပေါ်ကရေတမာပင်မှာ အကိုင်းတစ်ကိုင်းမရှိတော့တာပါပဲ ။ အဲဒီနေ့ညနေက အခက်အလက်များပိတ်သိပ်နေသော လက်ကောက်ဝတ်ခန့်ရှိရေတမာကိုင်းကြီးအား နှစ်ယောက်သား ခိုစီးချိုးချပစ်ခဲ့ကြပါတယ် ။ ဆရာနဲ့ဆရာမ အမြင်ရှင်းရှင်းမှာ ချစ်ချင်းတွေ ပစ်ခွင်းနိုင်ကြဖို့ပေါ့ ။ ဒါပေမဲ့ ကျွန်တော်ထင်ထားသမျှ တစ်ခုမှဖြစ်မလာခဲ့ပါဘူး ။ အဲဒီနေ့ကစလို့ ဆရာမလဲ ကော်ရစ်တာက စားပွဲမှာထွက်မထိုင်တော့သလို ဆရာကိုလဲ တစ်ဖက်အဆောင်အပေါ်ထပ် ပြတင်းပေါက်စားပွဲမှာ မတွေ့ရတော့ပါဘူး ။ တစ်နေ့ပြီးတစ်နေ့ ကျောင်းတက်ကျောင်းဆင်း စိတ်မကောင်းဖြစ်ခြင်းနဲ့အတူ ကျွန်တော်ရေးရေးချင်း သဘောပေါက်ခဲ့မိပါတယ် ။ သူတို့ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ချစ်နေခဲ့ကြပြီး ဖွင့်မပြောပဲ ပတ်ဝန်းကျင်နဲ့ သိခ္ခါတရားအတွက်သူတို့ချစ်ခြင်းကို ရေတမာရွက်တွေနဲ့ ဖုံးကွယ်ထားခဲ့ကြတာလို့ပါပဲ ။ ဟုတ်ပါတယ် ။ နှစ်ပေါင်းဘယ်လောက်ကြာကြာကတည်း ရေတမာရွတ်တွေကြားက ဝိုးတဝါးအရိပ်မှာ သူတို့အချစ်ကို တိတ်ဆိတ်စေခဲ့ပါသလဲ ။ ကျွန်တော်မသိခဲ့ပါဘူး ။ ဒါပေမဲ့သေချာတာကတော့ သစ်ရွက်ဖုံးထားတဲ့ အချစ်တွေကို ကျွန်တော်ချိုးချခဲ့မိတယ်။ ဝမ်းနည်းစွာကျွန်တော်လုပ်ခဲ့မိကြောင်း ဆရာ့ကို ဖွင့်ဟတောင်းပန်မိတော့ ဆရာ အကြာကြီး တိတ်ဆိတ်နေခဲ့ပါတယ် ။ နောက်မှ ဆရာ့ရဲ့ တိုးသက်တဲ့အသံကို ကြားလိုက်ရပါတယ် ။ " ရပါတယ်တပည့်ရာ ရေတမာကိုင်းလေးတစ်ဖက် ပြန်ထွက်လာအောင် ဆရာရော မင်းဆရာမပါ စောင့်နေကြမှာပါ " ။ ဟာ...သူတို့နှစ်ယောက် ဘယ်လောက်ကြာကြာ နီးလျက်နှင့် သစ်ခက်လေးထွက်အလာကို စောင့်နေကြရလိမ့်မလဲ ။ ကျွန်တော် ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရရင်း ဒါ ဆရာကျွန်တော့်ကို ဝန်ခံလိုက်သောစကားဆိုတာ ခံစားလိုက်ရပါတော့သည် ။


---------------------------------------------------------------------



အဖြစ်အပျက်တွေက ပြီးဆုံးသွားခဲ့ပါပြီ ပန်းရောင် ။ လောကကြီး တရားပါတယ် ဆိုတဲ့စကားကို ဘယ်လူပုဂ္ဂိုလ်ရဲ့ပါးစပ်ဖျားမှာ ထွက်ကျသွားတာမြင်ဘူးလို့လဲ ။ ရတာမလို လိုတာမရတဲ့ ဘဝတွေနဲ့ပဲ လောကကို ဖြတ်သန်းနေကြရတာ မဟုတ်လား ။ နင်နဲ့ငါကြားက ပိုင်းခြားထားတဲ့ သူငယ်ချင်းဆိုတဲ့ သစ်ခက်ရိပ်လေး ၊ နှစ်ဦးသဘောတူ ဆွဲဖယ်ယူခဲ့ကြပြီးမှ လောကကြီးကဘာလို့များ နင်တစ်ဖက် ၊ ငါတစ်ဖက် ကမ္ဘာကြီးရဲ့အစွန်းနှစ်ဖက်မှာ အသက်ရှင်စေခဲ့ရတာလဲ ။ ဆရာတို့နှစ်ယောက်ရဲ့ ငြိမ်းအေးတဲ့ ချစ်ခြင်းတွေကြားက ကားလိတ်ကာပါးကို ဆွဲဖွင့်ခဲ့မိလို့များလား ။ အဲဒီအပြစ်ကို ဝဋ်ကြွေးတစ်ခုလို ကံကြမ္မာကပုဒ်မတပ်ခဲ့တယ်ဆိုရင်လည်း ဒီဘဝမှာပဲကျေပါရစေတော့ ။ ဒါပေမဲ့ နှစ်များစွာကြာခဲ့ပြီပဲ ။ အခုလောက်ဆို ရေတမာကိုင်းလေးလဲပြန်ပေါက်လို့ သူတို့နှစ်ယောက်ရဲ့ ဝိုးတဝါးအရိပ်မှာ သစ်ရွက်လေးတွေ တိတ်တဆိတ်တေးဆိုနေလောက်ပါပြီ ။ ဆရာတို့ကြားမှာ ရေတမာရွက်သစ်တွေဝေလို့ သူတို့ရဲ့ တက်မက်မှုကင်းတဲ့ ချစ်ခြင်းကို ပြန်လည်ပြီး တည်ဆောက်နိုင်ခဲ့ပေမဲ့ ငါ့တို့ရဲ့ချစ်ခြင်း ၊ သူငယ်ချင်းဆိုတဲ့ ကိုင်းကလေးတောင် ပြန်ပေါက်မလာနိုင်လောက်တော့ပါဘူး ။ ဟုတ်တယ်ပန်းရောင် ကြီးကြီးမားမား ဘဝမှာ နှစ်ကြိမ် မှားခဲ့ဖူးပါတယ် ။ တစ်ကြိမ်က ဆရာနဲ့ဆရာမကြားက တိတ်တိတ်ဆိတ်ဆိတ် ရေတမာရိပ်ကို ချိုးဖယ်ခဲ့မိတယ် ။ တကြိမ်က နင်နဲ့ငါရဲ့ကြားက ဖြူစင်သော သူငယ်ချင်းဆိုတဲ့ သစ်ရွက်ကိုင်းလေးတွေကို ချိုးဖယ်ခဲ့မိတာပါပဲ ။

ညီရဲ
5/1/10 (01:35am)

0 comments:

Post a Comment