အိပ်မက်ကကြိုးနှင့် အလွမ်းမိုးစက်ကဗျာများ
မေမေရေ
အက္ခရာတွေမကြေညက်ခဲ့တဲ့ သား
ဝလုံရေ ဝ ဆိုတာလေးကို
ထပ်ထပ်ရေးပြနေရတဲ့
ကျွန်တော့်ဘဝလေးကို စိတ်ပျက်တယ်
လူတလုံး သူတလုံးဘဝတဲ့
ကိုယ့်ဝမ်းလေး ဝ ဖို့ကိုယ်ရေး
ကျွန်တော့်ဘဝစာအုပ်လေးထဲက အက္ခရာ
အရင်တုန်းကလို မညီညာတော့
တက်လိုက် ကျလိုက်နဲ့
ရှုပ်ရှက်ခတ်နေတဲ့စာအုပ်လေး
ပြန်ဖတ်ကြည့်ဖို့တောင်
ကျွန်တော့်ဘဝလေးကို စိတ်ပျက်တယ်
ဗလာစာရွက်ရဲ့အစမှာ
မေမေရေးပြထားတဲ့ ဝတစ်လုံး
ကြိုးစားတုန်းကတော့ လွယ်လွယ်ဆွဲ
လေးကြောင်းမျဉ်းထဲကခုန်ထွက်မှ
ကိုယ့်လက်နဲ့ကိုယ်ချရေး
တစ်ခါတစ်ခါ
ဖျက်ရာလေးတွေနဲ့ပေါက်ပြဲ
တစ်ဖက်စာမျက်နှာလေးပါ မင်စွဲနေတတ်တဲ့
ကျွန်တော့်ဘဝလေးကိုစိတ်ပျက်တယ်
နေ့တိုင်းရေးရတဲ့ ဝလုံး
စာအုပ်လေးအဆုံးမှာ
ကျွန်တော့်စာရွက်လေးတွေစုတ်…ဖြဲ
သံသရာက
ပုဒ်မ
မ
ချ
ခင်
နောက်တစ်အုပ်ထဲလဲ
ဝလုံးလေးတွေချရေးခိုင်းအုံးမယ့်
ကျွန်တော့်ဘဝလေးကို စိတ်ပျက်တယ်
ငိုလည်းတွန့် ရယ်လဲကွေး
ကျွန်တော့်ဘဝ ဝလုံးလေးလှဖို့
သံသရာအဆက်ဆက်မှာတောင်
မရေးတတ်သေးတဲ့ကျွန်တော်
စာအုပ်လေးရဲ့အဆုံးသတ်
ပုဒ်မ
ချတတ်ဖို့ဆိုတာကတော့ ....
ညီ ရဲ
အမေပျိုးခဲ့တဲ့သားလေ
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး
ဆေးပေါ့လိပ်မီးခဏခဏသေသလိုမျိုး
ဖွာရှိုက်မှုစွမ်းအင်တွေ ရပ်တန့်
နိမ့်မြင့်သဏ္ဍာန်တွေ ငေးမော
နှုတ်ခမ်းပင်လယ်ထဲမျောလို့
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး။
ဟောဒီ လောကကြီးတစ်ခုလုံးကို
သားရဲ့ အပြုံးပန်းပွင့်တွေနဲ့
ဆန်းကျယ်လက်ဖြာသွားစေဖို့
ပျိုရွယ်မှုတွေ အစွမ်းကုန် ဆန့်ထုတ်လို့
မိခင်ပထ၀ီမေတ္တာအငွေ့တွေနဲ့
အားအင်တွေပြည့်ခဲ့ပေမယ့်လည်း
သားလေ
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး။
ဘ၀ကို
ဟောဟို တိုက်မျက်နှာစာထက်က
အလှဆင် ကျောက်ပြားတစ်ချက်လိုမျိုး
ရင်မခုန်ချင်ပါဘူးလေ
အဆန်သဘောနဲ့ အောင်မြင်မှုတွေကို
လေးစားအားကျ အတုယူပြီး
မြစ်ကို
အလျားလိုက် ကူးခတ်နေဆဲမို့
သားလေ
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး။
အပျိုးခံခဲ့ပြီးမှ
ရှင်သန်ဖို့ မတွန့်ဆုတ်တော့ဘူး
အလူးအလွန့်တွေနဲ့
လောက သံစဉ်ထဲမှာ
ဟာမိုနီ ကျကျ ရှင်သန်ဖို့ ကြိုးစားတတ်ခဲ့ပါတယ်
ဒါပေမယ့်
သားလေ
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး။ ။
အလင်းနှစ်
(၂၀၊ ဇွန်လ၊ ၁၉၉၉)
စက်ရုံတစ်ရုံထဲကထွက်လာတဲ့
ပါကင်ထုတ်ပိုးပြီးသားပစ္စည်းတွေလို
အရှုံးတွေ
တစ်ခုပြီး တစ်ခု ခမ်းနားစွာကျရောက်လာရဲ့
ကျွန်တော် ငပိန်ပေါ့လေ။
အများနည်းတူ ရှုံးတဲ့
ရှုံးပြီးသားအရှုံးတွေရယ်
ပုဂ္ဂလဆန်ဆန်
အမြတ်မရှိ ရင်းနှီးခဲ့ရတဲ့ အရှုံးတွေရယ်
ဗြုန်းဆို ကျရောက်လာတတ်တဲ့
အတိတ်ဘ၀က ကုန်ရှုံးတွေရယ်
အလိုမတူဘဲ အနိုင်ကျင့်ခံခဲ့ရတဲ့
ကျွန်တော် ငပိန်ရယ်ပါလေ။
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်ကလေး
အဖေအမေရဲ့ အထွေးဆုံးနှလုံးသားလေး
ဘ၀ကို
ခပ်မှိန်မှိန် အပြည့်အ၀ တောက်ပချင်တဲ့ကောင်ကလေး
လူတချို့ရဲ့ ခပ်ကျဉ်းကျဉ်းသတ်မှတ်ချက်တွေရဲ့အောက်မှာ
ဖေါက်ပြားနေတယ်လို့ စွပ်စွဲခံနေရတဲ့ကောင်ကလေး။
အခုထိ
ရှုံးပြီးရင်း ရှုံးရင်း
နာပြီးရင်း နာရင်း
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်လေးရယ်ပါလေ။
အနုပညာကို
တိမ်တွေလို တစ်ခမ်းတစ်နား ခင်းကျင်းချင်ရဲ့
ဘ၀ကို
လူတစ်ယောက်ထက် လူတစ်ယောက်ပီပီဖြစ်ချင်တဲ့
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်လေးရယ်ပါလေ။
ဆပ်ပြာ ပူဖေါင်းလိုအရေခွံနဲ့
လောကကို အရွဲ့တိုက်ချင်သေးရဲ့
နေ့ရက်တွေကို အရသာမရှိဘဲ မကိုက်ဖဲ့ချင်သူ
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်လေးရယ်ပါလေ။
သေချာမယ့်နေ့ရက်တွေကို ကျစ်လစ်စွာထုတ်ပိုးရင်း
လောကကို စီးချင်းထိုးဖို့
ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုတဲ့
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်လေးရဲ့
အရိုးအပြိုင်းပြိုင်း တံတိုင်းခတ်ထားတဲ့ရင်ခွင်ထဲ
သူမ
မ၀င်ရဲတာ
မဆန်းပါဘူးလေ . . . ။ ။
အလင်းနှစ်
(ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလ)
ပင်စည်ဆီက
ဘာအဆက်အသွယ်မှမရတော့
နေရာင်ခြည်က
တစ်ဘ၀လုံးကို ၀ါးမျို
လမ်းခုလပ်
ရှေ့ဆက်၍ မရတော့ပေ။ ။
မီးရောင်လေးစိမ်းနေတာ မစိမ်းတတ်တဲ့သူ
မီးရောင်လေးမစိမ်းတာ စိမ်းတတ်တဲ့သူ
ဒီလိုပြောရင် ရက်စက်တယ်...တဲ့
သူက။
ဆန့်ငင်ဆန့်ငင် လှိုင်းအလျား
မင်းများမျှော်နေပြီလား
တံခါးဖွင့်ထားတိုင်း
လာစေချင်တဲ့သူရောက်မလာဘူး...တဲ့
သူက။
ဘယ်လောက်ဝေးမှန်းမသိတာတောင်
မျက်စေ့မှိတ်ပြီး နီးတယ်တဲ့
အကျယ်ကြီးအော်တော့ မှန်သလိုလို
မငိုပဲနမ်းတာ အလွမ်းအဖွင့်..တဲ့
သူက။
လက်တွေကပြောတယ်
မျက်လုံးတွေကကြားတယ်
ခပ်ရွှန်းရွှန်းရယ်သံတွေ
တမျှင်းမျှင်းရှိုက်သံတွေ
မထိခလုပ် ထိခလုပ်
ခလုပ်ထိရင် ငြိတတ်သည်...တဲ့
သူက။
မမြင်ပဲလာသွားတဲ့သူတွေကို
အစဉ်ပဲရှာနေရတဲ့
ရင်ကွဲနာလို့ပြောရင်
ရယ်ဦးမယ်
ခင်ဗျားက။ ။
ဇွန်မိုးသစ်
ကြီးကောင်ကြီးမားကျမှ
ရေးလက်စ
တွေးလက်စ
ပြောလက်စတွေကို
စာရင်းချကြည့်တော့
အမယ်မယ်
နှစ်ဆယ်နှစ် နှစ်ဆယ်မိုးတောင်မကတော့ဘူး။
ဒိုင်းကိုယူမှာလား
ဓားကိုယူမှာလား
တစ်ခုပဲရမယ်
အဓမ္မကိုယူမှာလား
ဓမ္မကိုယူမှာလား
တစ်ခုပဲရမယ်
သစ္စာတရားဟာငါတို့အိမ်ရာ
ယုံကြည်ချက်က ကမ္ဘာ။
ဆယ်ကျော်သက်တွေအရွယ်ရောက်တာ
သူ့ ကိစ္စ
အဲဒါနေပျော်တဲ့ကိစ္စ
သားသတ်သမားရဲ့ သွေးကိုမြင်တာ
ငါ့ကိစ္စ
အဲဒါသေပျော်တဲ့ကိစ္စ။
သူငယ်ချင်းများ...
မိုးဆီကိုပြေးရင်မြေနဲ့ဝေးတတ်ရဲ
မိုးကိုပဲလှမ်းလှမ်း
မြေကိုပဲထမ်းထမ်း
လေးလေးပင်ပင်။ ။
အတိတ်ဆိုတာကို ခေါက်သိမ်း
ဟောဒီ...အစိမ်းရောင် နေ့ရက်တွေဟာ
မုန်တိုင်းမှာ ယိမ်းက...
မစဲတမ်းရွာတဲ့မိုးလို
ကျွန်တော်...သူ့ကို......
အုံ့အုံ့မှိုင်းမှိုင်း တမ်းတလို့... ...
အဖြေထွက်ပြီးသား အဲ့ဒီဇာတ်မှာမှ
ပုစ္ဆာတစ်တစ်ပုဒ်ကို ဆက်တွက်
ဒီရလာဒ်နဲ့ပဲ နေတတ်တဲ့ကောင်လေ.....
သံဇဉ်တွေ မပျက်သုန်းသရွေ့ပေါ့..
ကျွန်တော်ပိုင်ဆိုင်နေတဲ့ နေ့ရက်တွေဟာ
ချစ်သူနဲ့ အတိတ်ကိုမျှော်ငေး
တိတ်တိတ်လေး တေးဆို
အမြဲ နေညိုနေတဲ့ဘဝပါ.... ... .. .
ညီရဲ
အောင်ချိမ့်
...........................................