ပန်းကလေး



အပိုင်း (၁)


               ကောင်လေးတစ်ယောက်ဟာအွန်လိုင်းပေါ်မှာဘာလုပ်ရမှန်းမသိယောင်ချာချာဖြစ်နေခဲ့တယ်.အရင်ကဆိုရင်တော့ ကောင်လေးဟာအွန်လိုင်းပေါ်မှာ ရွှင်မြူးသွက်လက်စွာ ပျော်ရွှင်နေခဲ့တာပေါ့ အဲဒီတစ်ခုသောအချိန်အတွင်းမှာတော့သူဟာမပျော်ရွှင်ခဲ့ဘူးလေတစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ ဒေါင့်ချိုးတစ်နေရာမှာ ပန်းပင်လေးတစ်ပင်ကို တွေ့ခဲ့တယ် ပန်းပင်လေးဆိုပေမယ့် မြေကြီးပေါ်မှာ ပေါက်နေတာတော့မဟုတ်ဘူး ပန်းအိုးလေးတစ်လုံးထဲမှာပန်းပင်ကလေးက အရွက်တွေစိမ်းစိမ်းနဲ့ လန်းလန်းဆန်းဆန်း သန်သန်မာမာပဲ ပန်းပင်ကလေးကိုတွေ့တော့ ကောင်လေးရဲ့စိတ်ဟာ ဘာရယ်မဟုတ်ဘူး ရပ်ကြည့်နေမိတယ် သူ့ရင်ထဲမှာပူလောင်နေတဲ့ အရာတွေကို ခဏမေ့သွားပြီးတော့ပေါ့ သူအကြာကြီးပဲ သူအကြာကြီးပဲ အဲဒီအပင်လေးနားမှာရပ်နေမိတယ် ပတ်ဝန်းကျင်ကိုလည်း မေ့လျော့သွားတာပေါ့
                       ပန်းပင်လေးဆိုပေမယ့် ပန်းတစ်ပွင့်မှတော့ ပွင့်မနေဘူး အဲသလိုနဲ့ သူပန်းပင်ကလေးကိုကြည့်နေတာဘယ်လောက်ကြာသွားလည်း မသိဘူး ပတ်ဝန်းကျင်ကိုတောင် မေ့သွားတယ် တကယ်တော့ ပန်းပင်ကလေးဟာ အရွက်ကလေးတွေကိုက စွဲဆောင်မှုရှိနေတာ သူသတိရတော့ ညတောင်အတော်မှောင်လာခဲ့ပြီလေ။ ဒါနဲ့ သူလည်း အိမ်ပြန်လာခဲ့တယ် အိပ်မက်ထဲမှာတောင် အဲဒီပန်းပင်လေးက ပါလာလိုက်သေးတယ် အိပ်မက်ထဲမှာတော့ ပန်းပင်ကလေးက ပန်းကလေးတွေ အဲသလို မျိုးပန်းပွင့်လေးတွေကို သူတစ်ခါမှမမြင်ဖူးဘူး အနံလေးကလည်း သင်းသင်းလေးတဲ့။သူ ရီဝေမိန်းမောစွာနဲ့ပေါ့ အိပ်မက်ထဲမှာလေ ။


                      နောက်တစ်နေ့မနက်ရောက်တော့ သူအဲဒီပန်းပင်ကလေး ရှိရာဆီကို ထပ်သွားဖြစ်တယ် ။ ဥယျာဉ်ထဲက ပန်းတွေက မွှေးပါတယ် ။ သူ့အလှနဲ့သူလည်း လှပကြပါတယ် ။ ဒါတွေကို လူတိုင်းမြင်တွေ့ ခံစားနိုင်ကြတယ် ။ ကောင်လေးလည်း လူတစ်ယောက်ပေမို့ ဒီပန်းဥယျာဉ်ကြီးထဲကို ရောက်တတ်ပေမယ့် အမြဲရယ်တော့မဟုတ်ဘူးပေါ့ ။ ကောင်လေးမြင်ခဲ့ရတဲ့ ဒေါင့်ချိုးတစ်နေရာက ပန်းပင်လေးကတော့ ဒီလိုရယ်မဟုတ်ပါဘူး။ အများတွေမမြင်နိုင်တဲ့ နေရာလေး တစ်နေရာမှာရှိနေခဲ့တာလေ။ တကယ်တမ်းပြောရရင်ကောင်လေးကို ဆွဲဆောင်မှုရှိသွားတယ်ဆိုတာ အဲဒီအကြောင်းအရာလည်း ပါနိုင်တယ် ။ဘာဖြစ်လို့လဲဆိုတော့ ကောင်လေးကိုယ်တိုင်ကိုက လူတွေနဲ့ ရောရောနှောနှောနေရမှာကို မနှစ်သက်ဘူး ။ မလွှဲသာလို့သာ စကားပြောရင်ပြောရလိမ့်မယ် ။ ရွှန်းရွှန်းဝေအောင် ပြောတယ်ဆိုတဲ့စကားမျိုး ကောင်လေးဆီကဘယ်သူမှ မကြားဘူးကြဘူး။ ကောင်လေးရဲ့ပုံစံကိုက အေးတိအေးစက်နဲ့။တကယ်တော့ ကောင်လေးက အဲဒီပန်းပင်လေးဆီကို မသွားဖြစ်တာ မဟုတ်ပါဘူး။ ဒီပန်းပင်လေးရဲ့ပုံတူကို သူရေးဆွဲနေတာ နေ့စဉ်ရက်ဆက်ပဲပေါ့ ။ ပင်စည် ၊ ရိုးတံ ။ အရွက်အားလုံးကို အသေးစိတ် ရေးဆွဲနေခဲ့တယ် ။ သူ့ပန်းချီကားလေးကလည်းတော်တော်နဲ့မပြီးနိုင်ဘူး။
                     တစ်နေ့မှာကောင်လေးဟာ အပြင်းအထန် ဖျားနာတယ် ။ ကိုယ်တွေခြစ်ခြစ်တောက်ပူလို့ ။ တခါတခါ  သတိလစ်မတတ်တောင် ဖြစ်သွားတယ် ။ သူနှုတ်ခမ်းက လှုပ်လှုပ်ရွရွနဲ့ တစ်ခုခုကို ရေရွတ်နေသလိုပဲ ။ သူ့ရဲ့မေမေက သူ့ကိုပြုစုရင်း သားလေးဘာပြောတာလဲ ဘာပြောချင်လို့လဲလို့ မေးတာပေါ့။ ကောင်လေးကတော့ဘယ်ကြားနိုင်ပါ့မလဲ ။ သားတစ်ခုခုကို ပြောနေတာကိုတော့ မေမေက သတိထားမိတယ် ။ ဒါနဲ့ သားရဲ့နှုတ်ခမ်းကိုသေသေချာချာကြည့်ပြီး နားကိုလည်း အသားကုန်စွင့်ထားတာပေါ့ ။ ကောင်လေးနှုတ်ခမ်း လှုပ်နေပုံက ထပ်ကြိမ်ပုံစံမျိုးနဲ့ ။ တစ်ခုခုကို ထပ်ခါတစ်လဲလဲ ရေရွတ်နေတဲ့ပုံစံမျိုးပေါ့ ။ ပြောင်းလဲမသွားတဲ့ နှုတ်ခမ်းလှုပ်ပုံမျိုးလေ ။ ကောင်လေးနှုတ်ခမ်းလှုပ်ပုံကို လိုက်လှုပ်ကြည့်တော့ စကားသံတစ်ခုကို သူမေမေသိရှိခဲ့ရတယ်။


အဲဒီစကားသံလေးကို ပုံဖော်ကြည့်မယ်ဆိုရင် ..........................................

           မေမေကြားလိုက်ရတဲ့ အသံလေးက ပန်းကလေးတွေပွင့်နေပြီ... ပန်းကလေးတွေ ပွင့်နေပြီတဲ့...
မေမေက နားမလည်နိုင်ဘူး ။ သားကဘာကို ဆိုလိုတာလဲ ဆိုတာကိုပေါ့ ။ ကိုယ်ပူရှိန်ကလည်း တစ်နေ့တခြား ကျလာတယ်ကိုမရှိဘူး ။ တက်မြဲတက်ဆဲ ။ မေမေ စိတ်ပူလာတယ် ။ အစွဲအလမ်းတစ်ခုကြောင့်ရယ်များ သားကလေး နေမကောင်းဖြစ်နေသလားပေါ့ ။ သားကလေးမှာ အိပ်ခန်းအပြင် စာဖတ်ခန်းလည်းရှိသေးရဲ့ ။ အဲဒီအခန်းထဲမှာ စာအုပ်စင်နဲ့ ကွန်ပျူတာကို ထားတယ်လေ။ သားကလေးရဲ့အနားယူစရာအခန်းလေးပေါ့။ မေမေ၀င်လေ့မရှိတဲ့အခန်းလည်း ဖြစ်တယ် ။ သားကလေးရဲ့ နှုတ်ခမ်းက ထွက်လာတဲ့စကားသံရဲ့ အဓိပ်ပယ်ကို ဖော်နိုင်ဖို့ မေမေ သားလေးရဲ့အခန်းထဲကိုဝင် ရတော့မှာပေါ့ ။   ကောင်လေးတို့မိသားစုမှာ မပြောဘဲ  နားလည်ထားတဲ့    စည်းတစ်ခုရှိတယ်      ။ အဲဒါကကိုယ်နဲ့မပတ်သက်တဲ့  အရာကိုဝင်မစွက်ဖက်တာမျိုးပေါ့ ။ ငယ်ငယ်ကလေးကတည်းကဆိုပါတော့ ။ ကောင်လေးရဲ့ ဖေဖေရော မေမေရော ဒိုင်ယာရီရေးတဲ့အလေ့အထရှိကြတယ် ။ ဘယ်တော့မှ ဖွင့်ထားသည့်တိုင်အောင် အလွယ်တကူ မြင်တွေ့ခဲ့သည့်တိုင်အောင် စူးစမ်းဖတ်ရှုလိုစိတ်  မရှိကြဘူးလေ  ။
              ခုတော့ကောင်လေးရဲ့မေမေဟာ သူ့သားလေးရဲ့အခန်းထဲကို သားလေးရဲ့ အစွဲအလမ်း 
တစ်ခုကြောင့် ၀င်ကြည့်ဖို့အကြောင်းဖန်လာခဲ့တာပေါ့ ။ မေမေ စိတ်ဆုံးဖြတ်ချက်ချလိုက်ပါပြီ ။ ဘာပဲဖြစ်ဖြစ် သားလေးရဲ့ အခန်းလေးထဲဝင်လာခဲ့တယ် ။ သားလေးရဲ့အခန်းက အတော်လေးကိုရှုပ်ပွနေတယ် ။ စာအုပ်တစ်ချို့က ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပြီး တစ်ချို့က ကွန်ပျူတာခုံပေါ်မှာ ။ ပြတင်းပေါက်နံရံနားမှာတော့ ဆွဲလက်စ ပန်းချီကားတစ်ခုကို အတ်စနဲ့ အုပ်ထားတယ် ။ ဆေးစက်တွေကလည်း ကြမ်းပြင်ထက်မှာ ပြန့်ကျဲလို့ ။ စာရေးစားပွဲပေါ်မှာလည်း စာရွက်တွေ ၊ ပုံကြမ်းခြစ်ထားတဲ့ ပန်းချီစာရွက်တွေနဲ့ ရှုပ်ပွနေတယ် ။ ဒါကလည်း သားရဲ့ စတိုင်လ်တစ်ခုလိုပါပဲ ။ ဘယ်လောက်ပဲ ရှင်းရှင်း ခဏနေရင် ပြန်ရှုပ်သွားတာပဲလေ ။ သူက သူ့အခန်းကို ရှင်းပေးမယ်ဆိုရင်တောင် မကြိုက်တတ်ဘူး ။ သားလေးရဲ့ ရေရွတ်သံနဲ့ပတ်သက်တဲ့အရာဟာ ဘာများဖြစ်မလဲ ။ မေမေ ဘယ်ကနေစပြီး သဲလွန်စ ကောက်ရမလဲ မသိဖြစ်နေတာပေါ့ ။ ပြန့်ကျဲနေတဲ့စာအုပ်တွေကလည်းပန်းချီသဘောတရားစာအုပ်တစ်ချို့၊ နောက်ကွန်ပျူတာနည်းပညာဆိုင်ရာ စာအုပ်တွေ ။ ဒါတွေနဲ့တော့ မဆက်စပ်လောက်ဘူးထင်ပါရဲ့ ။ စားပွဲပေါ်က ပုံကြမ်းခြစ်ထားတဲ့ စာရွက်တွေကို အပေါ်ယံလိုက်ကြည့်မိတယ် ။ ပန်းပင်လေးတွေရဲ့ ပုံကြမ်းတွေပါလား ။
        မေမေ့စိတ်ကတစ်ခုခုကို သတိမူသွားတယ်။ အ၀တ်အုပ်ထားတဲ့ပန်းချီကားမှာ ဘာများရေးဆွဲထားလဲ ဒါဟာ သားလေး နောက်ဆုံးဆွဲတဲ့ ပန်းချီကားဖြစ်မယ် ထင်ရဲ့ ။ မေမေ့ရဲ့ ခြေလှမ်းတွေဟာ ပန်းချီကားနားဆီကို ရောက်သွားတယ်။ ဒီအ၀တ်စကို လှန်ကြည့်လိုက်ရမလား။ မေမေ တွေဝေနေမိတယ် ။ ကြည့်လိုက်သင့်သလား ။ မေမေ မ၀ံမရဲ့ ဖြစ်နေမိတယ်။ သားလေးရဲ့ရေရွတ်နေမှုဟာ ဒီပန်းချီကားနဲ့ တိုက်ရိုက်ပတ်သက်မှု ရှိလိမ့်မယ်လို့ မေမေထင်မိတာ အမှန်ပဲ ။ အ၀တ်အုပ်ထားတဲ့ ပန်းချီကားတစ်ချပ်ဆိုတာလည်း ဖွင့်ထားပေမယ့် မဖတ်သင့်တဲ့ ဒိုင်ယာရီတစ်အုပ်လိုပဲ မဟုတ်လား ။ ဒါဟာ ကျင့်ဝတ်တစ်ခုကို ဖေါက်ဖျက်လိုက်သလိုဖြစ်နေမလား ။ အို မထူးပါဘူးလေ ။ သားလေးရဲ့ စိတ်ကို ဒီလောက်လွှမ်းမိုးနေတဲ့ အကြောင်းအရာကို မေမေသိမှဖြစ်မယ် ။ အ၀တ်စကို အသာအယာလှပ်လိုက်တယ် ။ ............

..................အို ............
                                                                    အပိုင်း (၂) သို့











1 comments:

လွမ်းဧကရီ said...

ခံစားဖတ်ရှုသွားပါတယ်...

Post a Comment