ငပိန်



စက်ရုံတစ်ရုံထဲကထွက်လာတဲ့
ပါကင်ထုတ်ပိုးပြီးသားပစ္စည်းတွေလို
အရှုံးတွေ
တစ်ခုပြီး တစ်ခု ခမ်းနားစွာကျရောက်လာရဲ့
ကျွန်တော် ငပိန်ပေါ့လေ။

အများနည်းတူ ရှုံးတဲ့
ရှုံးပြီးသားအရှုံးတွေရယ်
ပုဂ္ဂလဆန်ဆန်
အမြတ်မရှိ ရင်းနှီးခဲ့ရတဲ့ အရှုံးတွေရယ်
ဗြုန်းဆို ကျရောက်လာတတ်တဲ့
အတိတ်ဘ၀က ကုန်ရှုံးတွေရယ်
အလိုမတူဘဲ အနိုင်ကျင့်ခံခဲ့ရတဲ့
ကျွန်တော် ငပိန်ရယ်ပါလေ။

ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်ကလေး
အဖေအမေရဲ့ အထွေးဆုံးနှလုံးသားလေး
ဘ၀ကို
ခပ်မှိန်မှိန် အပြည့်အ၀ တောက်ပချင်တဲ့ကောင်ကလေး
လူတချို့ရဲ့ ခပ်ကျဉ်းကျဉ်းသတ်မှတ်ချက်တွေရဲ့အောက်မှာ
ဖေါက်ပြားနေတယ်လို့ စွပ်စွဲခံနေရတဲ့ကောင်ကလေး။
အခုထိ
ရှုံးပြီးရင်း ရှုံးရင်း
နာပြီးရင်း နာရင်း
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်လေးရယ်ပါလေ။

အနုပညာကို
တိမ်တွေလို တစ်ခမ်းတစ်နား ခင်းကျင်းချင်ရဲ့
ဘ၀ကို
လူတစ်ယောက်ထက် လူတစ်ယောက်ပီပီဖြစ်ချင်တဲ့
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်လေးရယ်ပါလေ။

ဆပ်ပြာ ပူဖေါင်းလိုအရေခွံနဲ့
လောကကို အရွဲ့တိုက်ချင်သေးရဲ့
နေ့ရက်တွေကို အရသာမရှိဘဲ မကိုက်ဖဲ့ချင်သူ
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်လေးရယ်ပါလေ။

သေချာမယ့်နေ့ရက်တွေကို ကျစ်လစ်စွာထုတ်ပိုးရင်း
လောကကို စီးချင်းထိုးဖို့
ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုတဲ့
ဟောဒီ
ပါးလျှပ်လျှပ် ပိန်သွယ်သွယ်ကောင်လေးရဲ့
အရိုးအပြိုင်းပြိုင်း တံတိုင်းခတ်ထားတဲ့ရင်ခွင်ထဲ
သူမ
မ၀င်ရဲတာ
မဆန်းပါဘူးလေ . . . ။ ။


အလင်းနှစ်
(ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလ)

0 comments:

Post a Comment