အမေပျိုးခဲ့တဲ့သားလေ
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး
ဆေးပေါ့လိပ်မီးခဏခဏသေသလိုမျိုး
ဖွာရှိုက်မှုစွမ်းအင်တွေ ရပ်တန့်
နိမ့်မြင့်သဏ္ဍာန်တွေ ငေးမော
နှုတ်ခမ်းပင်လယ်ထဲမျောလို့
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး။
ဟောဒီ လောကကြီးတစ်ခုလုံးကို
သားရဲ့ အပြုံးပန်းပွင့်တွေနဲ့
ဆန်းကျယ်လက်ဖြာသွားစေဖို့
ပျိုရွယ်မှုတွေ အစွမ်းကုန် ဆန့်ထုတ်လို့
မိခင်ပထ၀ီမေတ္တာအငွေ့တွေနဲ့
အားအင်တွေပြည့်ခဲ့ပေမယ့်လည်း
သားလေ
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး။
ဘ၀ကို
ဟောဟို တိုက်မျက်နှာစာထက်က
အလှဆင် ကျောက်ပြားတစ်ချက်လိုမျိုး
ရင်မခုန်ချင်ပါဘူးလေ
အဆန်သဘောနဲ့ အောင်မြင်မှုတွေကို
လေးစားအားကျ အတုယူပြီး
မြစ်ကို
အလျားလိုက် ကူးခတ်နေဆဲမို့
သားလေ
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး။
အပျိုးခံခဲ့ပြီးမှ
ရှင်သန်ဖို့ မတွန့်ဆုတ်တော့ဘူး
အလူးအလွန့်တွေနဲ့
လောက သံစဉ်ထဲမှာ
ဟာမိုနီ ကျကျ ရှင်သန်ဖို့ ကြိုးစားတတ်ခဲ့ပါတယ်
ဒါပေမယ့်
သားလေ
ခုထိ ပန်းတစ်ပွင့်မှ မပွင့်ရသေး။ ။
အလင်းနှစ်
(၂၀၊ ဇွန်လ၊ ၁၉၉၉)
2 years ago
0 comments:
Post a Comment